Monday, March 31, 2008

လေလွင့်သူတစ်ယောက်၏လွမ်းဆွတ်မှု

ခြေသလုံးအိမ်တိုင်ဘ၀နှင့် ကမ္ဘာအရှေ့မှအနောက် တောင်မှမြောက် သို့ ကျွန်တော်လေလွင့်နေခဲ့သည်မှာ
နှစ်ပေါင်းမနည်းတော့ပါ။တစ်နှစ်ပြီးတစ်နှစ် အသက်ကြီးလာသလို အကြားအမြင်ဗဟုသုတလည်းတိုးခဲ့သည်။
ကမ္ဘာရွာ့တစ်ဖြည်းဖြည်းကျဉ်းလာသည်။မွေးရပ်မြေက တစ်နှစ်ထက်တစ်နှစ်အိုစာသွားခဲ့သည်။
(၁)
လွန်ခဲ့သော နှစ် ၂၀ တွင် မွေးရပ်မြေ ရထားဘူတာမှအစပြုလို့ ကမ္ဘာကြီးကိုစူးစမ်းဖို့ကျွန်တော်
ခြေလှမ်းစခဲ့သည်။ရှန်ဟိုင်း ၊ကွမ်တုန်မှ ဟောင်ကောင်၊နယူးရောက်မှ ၀ါရှင်တန် ၊တောင်အမေရိကားမှ တောင်အာဖရိကထိ၊ထိုမှတဆင့်လန်ဒန် ၊ဆစ်ဒနီ အလုပ်လုပ်လှည့်လည်ရင်းကျွန်တော်ရောက်ဖူးသော
နိုင်ငံများ ၂၀ ကျော်ခဲ့သည်။နေရာသစ်တစ်ခရောက်တိုင်း စိတ်သစ်လူသစ် ပတ်ဝန်းကျင်အသစ်ဖြင့် ဖုန်းကဒ်တွေပေါ်လာမှအမေ့ကိုမကြာခဏကျွန်တော်ဖုန်းဆက်နိုင်ခဲ့သည်။ဖုန်းထဲတွင်အမေ၏
အေးချမ်းသောအသံသည် ဘ၀၏စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ကျွန်တော်အင်အားတွေပိုဖြစ်ခဲ့သည်။
အမေ့၏အသံမှာ တစ်နှစ်ထက်တစ်နှစ်ပိုအိုစာသွားခဲ့သည်။အမေနှင့်ဖုန်းပြောတိုင်းကျန်းမာရေး
ဂရုစိုက်ဖို့ နေရာတကာသတိနှင့်သွားလာဖို့ ခွင့်ယူပြီး ပြန်မလာဖို့ ပြန်လာရင်ငွေကုန်ကျေးကျများပြီး
အလုပ်အကိုင်ပျက်မည်ဖြစ်ကြောင်း ထပ်တစ်လဲလဲပြောသည်။ကျွန်တော်စိတ်မကောင်းဖြစ်မိသည်။အမေ ကျွန်တော့်ကိုလွမ်းနေပြီ တွေ့ချင်နေပြီဆိုတာကျွန်တော်သိလိုက်သည်။အမေ့အသက် (၇၅)နှစ်ရှိပါပြီ။
ကျွန်တော့်စားပွဲရှေ့က အလုပ်တွေကိုချပြီးစိတ်ထဲကအစီအစဉ်တွေကိုဆွဲနေမိပါတယ်။ အမေ့ဆီတစ်လပြန်ဖို့ကျွန်တော်ဆုံးဖြတ်လိုက်သည်။ထိုတစ်လအတွင်း ဘာမှမလုပ်ဘဲ
အမေ့အနားတွင်နေမည်။

(၂)

ကျွန်တော်ပြန်လာခဲ့မည့်အကြောင်း အမေ့ကို ဖုန်းဆက်အကြောင်းကြားပြီးနောက် အမေစတင်
အစီအစဉ်ဆွဲတော့သည်။မှတ်စုစာအုပ်တစ်အုပ်ဖြင့် ကျွန်တော်ကြိုက်သော အစားအစာများမှတ်၊ ကျွန်တော်ငယ်ငယ်က ကြိုက်သော အိပ်ရာခင်းကိုပြန်ပြင်ချုပ်၊ကျွန်တော်ရောက်တုန်းအဆင်သင့်ဝတ်ဖို့အ၀တ်အစားတွေ ပြင်ဆင်ရင်းအမေအလုပ်တွေရှုပ်နေခဲ့သည်ဆိုတာကိုနောက်မှကျွန်တော်ပြန်သိခွင့်ရခဲ့သည်။အသက်(၇၅)နှစ်
ရှိပြီဖြစ်သော အမေ လှုပ်လှုပ်ရှားရှားလုပ်နေရင် မောတတ်တဲ့အမေ ကျွန်တော်ပြန်လာဖို့အအတွက်ပြင်ဆင်ရင်း မောဖို့မေ့နေပြီဖြစ်ကြောင်းကျွန်တော်ခံစားမိသည်။

(၃)

လေယာဉ်ပေါ်တွင် အမေနှင့် တွေ့သည့်အခါ အမေ့ကိုပြေးပြီး ဖက်လိုက်မည်ဟုစိတ်ကူးနှင့်
ကြည်နူးနေမိသည်။သို့သော်ထိုဟင်းများကိုကျွန်တော်မကြိုက်တော့ကြောင်းအမေ့ကိုမပြောဖြစ်ခဲ့ပါ။
မျက်စိမှုန်လာပြီဖြစ်သောကြောင့် အမေ့ဟင်းများက ငန်တစ်ခွက် ပေါ့တစ်ခွက် ဖြစ်နေသည်။ ကျွန်တော့်အတွက်ပြင်ဆင်ထားသော အိပ်ရာခင်းမှာလဲ ဂွမ်းစစ်စစ် စောင်ထူကြီးတွေဖြစ်နေသည်။
ထိုစောင်ထူထူကြီးများကို ခြုံအိပ်ရတဲ့အကျင့်ကျွန်တော့်မှာ မရှိတော့။ ဂွမ်းစောင်များအစား
သိုးမွေးစောင်နုနုလေးပဲ သုံးတော့ကြောင်း အမေ့ကို ကျွန်တော်မပြောဖြစ်ခဲ့ပါ။
ကျွန်တော် ပြန်လာတာအမေ့ကိုလွမ်းလို့တွေ့ချင်လို့ပဲလေ။

(၃)

အိမ်ပြန်ရောက်စနှစ်ရက်တွင်အလုပ်များရှုပ်နေသဖြင့် အမေ့နှင့်ကောင်းကောင်းစကားမပြောဖြစ်ပါ။
ပြောဖြစ်ပြန်တော့လဲလူဖြစ်အင်များ လူ့ဘ၀အကြောင်းများ ကို ထပ်တစ်လဲလဲ ပြောနေတော့သည်။
ထိုအကြောင်းများသည် လွန်ခဲ့သော(၁၀) နှစ်ခန့်က အမေ အပ်ကြောင်းထပ်အောင် ပြောခဲ့သော စကားများဖြစ်သည်။ထိုအကြောင်းအရာများနှင့်ပတ်သက်ပြီးကျွန်တော့၏ဘ၀နှင့်အလုပ်အကြောင်းကို
ခိုင်းနှိုင်းပြီး ပြောတော့သည်။ ကျွန်တော် စိတ်အနှောက်အယှက်ဖြစ်လာလျှင်ထိုအကြောင်းအရာများသည် ခေတ်နောက်ကျနေပြီဖြစ်ကြောင်းပြောမိလျှင် အမေသည် တွေတွေလေး တစ်နေရာရာကို ငေးကြည့်
နေတတ်သည်။


(၄)

မျက်စိတွေ မှုန်ဝါးနေပြီဖြစ်သောကြောင့် အမေဟင်းချက်ရာတွင် သန့်ရှင်းမှုကို ဦးစားမပေးတော့ကြောင်း
ကျွန်တော်သတိပြုမိလာသည။် အမေချက်သောဟင်းများထဲတွင် တစ်ခါတစ်ခါ ပိုးကောင်များ၊ယင်ကောင်များ ပါလာတတ်သလိုထမင်းဟင်းများ ကြမ်းပေါ်သို့ ကျလျှင်လည်း ပြန်ကောက်ထည့်လာတတ်သည်။အခြေအနေ
များသည် ယခင်ကနှင့်မတူတော့။အိမ်တွင်မချက်ဘဲ ဆိုင်တွင်မှာစားရန်ပြောသောအခါ အပြင်စာများသည်
ညစ်ပတ်ကြောင်း ကျန်းမာရေးနှင့်မညီညွတ်နိုင်ကြောင်း ပြောသည်။ထမင်းချက်အဖော်တစ်ယောက်ရှာ
ထားခဲ့မည်ဟု ပြောပြန်လျှင်အမေသည် ငါလှုပ်ရှားနိုင်သေးသည် ၊ ငါမအိုသေး ဟု ကျွန်တော့်ကို
စိတ်ဆိုးလေသည်။ ကျွန်တော်မြို့ထဲသို့သွားလျှင် အမေလည်းလိုက်ချင်သည်။
နောက်ဆုံးတွင် အမေ့ခြေလှမ်းများကြောင့်လိုရာသို့မရောက်နိုင်ခဲ့။

(၅)

အကြောင်းအရာ တစ်ခုခု ဆွေးနွေးမိပြန်လျှင်လည်းကျွန်တော့်အယူအဆများသည် မှားနေပြီဖြစ်ကြောင်း
လမ်းမှားလိုက်နေပြီဟုအမေထင်သည်။အရာရာတိုင်းသည် ခေတ်နှင့်အညီ တိုးတက်နေပြီဖြစ်
ကြောင်းကိုတော့ကျွန်တော်အားမနာစွာအမေ့ကိုပြေဖြစ်ခဲ့သည်။နောက်ပိုင်းတွင် အမေနှင့်ပြောဖြစ်သော
စကားတိုင်းတွင် ကျွန်တော်စိတ်အနှောက်အယှက်ဖြစ်ပြီးစကားလမ်းကြောင်းလွဲခြင်းများကိုလုပ်လာမိသည်။ ကျွန်တော်စိတ်မရှည်သောအချိန်တွင်စကားသံကိုအကျယ်ကြီး ပြောမိခြင်း၊ စကားဖြစ်ခြင်းများပြုလုပ်မိသောအခါ အမေသည်ပြောလက်စ စကားကိုရပ်ပြီးတွေတွေလေးနှင့် နှုတ်ဆိတ်နေတတ်သည်။

(၆)

ခွင့်တစ်လပြည့်လို့ ပြန်ခါနီးတွင် အမေသည်ကုတင်အောက်က သေတ္တာ ဟောင်းတစ်ခုဖြင့် နှစ်ရှည်လများ
သိမ်းထားသောသတင်းစာဖြတ်ပိုင်းများကိုကျွန်တော့်အားပေးလေသည်။ ထိုသတင်းစာဖြစ်ပိုင်းများမှာ
ကျွန်တော့်အားပြရန် ထိုဖြတ်ပိုင်းများကိုဂရုတစိုက်ညှပ်ပြီး အမေသိမ်းထားခြင်းဖြစ်သည်။ ကျွန်တော့လက်ထဲသို့အပ်ပြီးကျွန်တော်နှင့်အတူယူဆောင်သွားစေလိုသည်။မျက်မှန်ထူကိုတပ် စာဖတ်တိုင်း အားစိုက်ရတဲ့အမေ သတင်းစာ တစ်မျက်နှာချင်းကို ကုန်အောင်ဖတ်ပြီးထိုဖြတ်ပိုင်းလေးတစ်ခုကို မည်မျှ ခက်ခက်ခဲခဲညှပ်ခဲ့သည်ဆိုတာကို ကျွန်တော်အသိ၊ သို့သော်လုံးဝအသုံးမ၀င်တော့သော ထိုဖြတ်ပိုင်းများကို ယူမသွားချင်ပေ။ ကျွန်တော်တွေဝေနေသည့်အခိုက်တွင် အမေ့လက်ထဲမှဖြတ်ပိုင်းလေးတစ်ခု
လွှင့်ကျသွားခဲ့သည်။ ကျွန်တော့်ထက်ဦးအောင် အမေက ကောက်ယူပြီး အကျီအိပ်ထဲသို့ထည့်လိုက်သည်။
" ဘာဖြစ်ပိုင်းလေးလဲအမေ ကျွန်တော့်ကိုပြပါလား" ဟုမေးတော့အမေက တွေတွေလေးနှင့် ကမ်းပေးပြီး ထမင်းစား
ခန်းသို့ထွက်သွားလိုက်သည်။


(၇)

ကျွန်တော်ချက်ချင်းဖတ်ကြည့်လိုက်သည်။ " ငါအိုသွားသောအခါ" ဟုခေါင်းစဉ်တပ်ထားသော
၂၀၀၄ - ၁၂ လပိုင်း၆ ရက်နေ့က ဆောင်းပါးလေးဖြစ်သည်။ ဆောင်းပါးလေးမှာ ............

"ငါ အိုသွားတဲ့အခါ"


ငါအိုသွားတဲ့အခါ ငါဟာအရင်က ငါမဟုတ်တော့ဘူး ငါ့ကိုနားလည်ပါ စိတ်ရှည်ရှည်ဆက်ဆံပေးပါ။
ချိနဲ့နဲ့လက်တွေနဲ့ထမင်းဟင်းတွေအကျီပေါ်လောင်းမိတဲ့အခါ ဖိနပ်ကြိုးတွေ ချည်ဖို့မေ့သွားတဲ့အခါ
ငါ့ကိုမရွံပါနဲ့ ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီးသတိရပေးပါ။

အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ပဲ ကျေးဇူးပြုပြီး
နားထောင်ပေးပါ။
ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေကိုမရိုးအောင်ပြောရင်းငါချော့သိပ်ခဲ့
တာတွေကိုသတိရပေးပါ။

မလှုပ်ရှားနိုင်လို့ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့ ၊ ငယ်ငယ်တုန်းက ချော့တစ်လှည့်
ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကိုမြင်ယောင်ပေးပါ။

ခေတ်သစ် နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကိုမလှောင်ပါနဲ့၊ငယ်ငယ်တုန်းက
"ဘာကြောင့်" ဆိုတဲ့မေးခွန်းတွေကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာတွေကို သတိရပေးပါ။

စိတ်သွားတိုင်းကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့လက်တစ်စုံနဲ့
ငါ့ကိုတွဲကူပေးပါ။
လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျှောက် ကျင့်ပေးခဲ့တာကိုကျေးဇူးပြုပြီး
သတိရပေးပါ။

အသက်ကြီးလာလို့ စကားပြောရတာ ရှေ့နောက်မညီဘဲ အကြောင်းအရာတွေကိုငါမေ့သွားတဲ့အခါ
အချိန်ပေးပြီး
စဉ်းစားခွင့်ပေးပါ။စကားအကြောင်းအရာတွေက ငါ့အတွက် အရေးမကြီးပါဘူး ၊ဘေးနားကနေ ငါပြောသမျှ
နားထောင်ပေးရင် ကျေနပ်ပါပြီ။

တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့ နားလည်ပေးပါ အားပေးပါ
အရင်တုန်းကလူ့ဘ၀တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ဘ၀နောက်ဆုံး
အချိန်တွေအတွက် အဖော်ပြုပေးပါ။
အချစ်နဲ့အေးမြမှုတွေကို ငါပြုံးပြုံးလေးလက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာ
တွေ တွေ့ရမှာပါ။


(၈)

ကျွန်တော် မျက်ရည်မကျမိအောင်ထိန်းထားရင်း မနားတမ်းဆုံးအောင်ဖတ်လိုက်မိပါတယ်။
ကျွန်တော့်သေတ္တာထဲကအကောင်းဆုံးအ၀တ်တစ်စုံကိုထားခဲ့ပြီးထိုဖြတ်ပိုင်းလေးကို ထည့်လိုက်တယ်။
ကျန်သော ဖြတ်ပိုင်းများက ကျွန်တော့်အတွက် အသုံးမ၀င်သော်လည်း ထိုဆောင်းပါးပါသော ဖြတ်ပိုင်းလေးမှာ ကျွန်တော်ဘယ်ရောက်ရောက် ကျွန်တော့်အပါးမှမခွာတော့ပါ။













Thursday, March 13, 2008

ဘ၀မှာမျက်နှာချင်းဆိုင်ရလွန်းတော့လဲ
လူချင်းမှာပြီးနှုတ်ဆက်မိတာများလွန်းတယ်
ကောင်လေးရေ
မင်္ဂလာပါ
မင်းကိုငါလူမှားခဲ့ပါသလား။

Monday, March 10, 2008

ဘာကိုမှမမျှော်လင့်ပါဘဲ
ငါချစ်နေပါရစေ
ဝေးသွားရင်လဲ ဝေးသွားသလိုပေါ့
နီးနေခဲ့ရင် နီးနေခဲ့သလိုမျိုးပေါ့
ငါချစ်နေမှာပါ
ငါ့အတွက်ဘာမှမလိုပါဘူး
နင့်ကိုချစ်နေတဲ့စိတ်တစ်ခုထဲနဲ့တင်
လောကကြီးကိုစိန်ခေါ်ရဲတယ်
အရူးမလေးလို့ပြောခဲ့တဲ့
စကားသံတွေကိုငါကြားယောင်မိတယ်
ငါသတိရနေမှာပါ ချစ်သူ
ဘယ်အချိန်နီးရမလဲမသိတဲ့
ငါတို့ရဲ့နေ့ရက်တွေကို ကြိုးစားရင်ဆိုင်ရင်း
မျှော်လင့်ချက်အသစ်တွေနဲ့ ငါ့ကိုနိုးထခွင့်ပေးပါ။
ဝေးကွာတဲ့နေ့ရက်တွေကိုဆုပ်ကိုင်ပြီး
အထီးကျန်ရတဲ့ကမ္ဘာမှာ
ပျော်ရွင်ခြင်းဟာ ခြောက်ကပ်ကပ်ရီသံတွေဖြစ်လာခဲ့တယ်
ရခဲ့တဲ့အမှတ်တရတွေကို အထပ်ထပ်ဆန်းသစ်အောင်
တမ်းတရင်းနဲ့ပဲ
တဖြည်းဖြည်းဟောင်းနွမ်းလာခဲ့တယ်
လိုချင်တာက ချစ်ခြင်းမေတ္တာ
ရလိုက်တာက ကျောခိုင်းမှု
ကွာခြားချက်တွေအတွက် ဖြေသိမ့်ဖို့ကြိုးစားရင်း
နှစ်နှစ်စာအလွမ်းတွေနဲ့
ငါလွမ်းနေဆဲပါ ချစ်သူ ။

သတိရခြင်းများ

ခြောက်ကပ်ကပ်အလွမ်းအစိုင်အခဲလေးတွေ
နှင်းတွေဝေချိန် သစ်လွင်ပြန်လန်းစို
ဆောင်းရနံ့တွေနဲ့ ရင်တွေတဆတ်ဆတ်ခုန်လို့
မြောက်ပြန်လေနဲ့ပါသွားတဲ့ ပုံပြင်လေး
ဘယ်အထိအောင် ဝေးခဲ့ပြီလဲလေ .......။

အိုမင်းရင့်ရော်မှုကိုဘယ်လိုဟန့်တားမလဲ
နှင်းတွေပြုံးလိုက်တိုင်း ငယ်မူပြန်
ဖြစ်ရိုးဖြစ်စဉ် ကံကြမ္မာကို တီးလုံးလေးတွေလိုနားဆင်
မယဉ်ကျေးတဲ့လောကဓံကို ဥပက္ခာပြုလို့
ချမ်းစိမ့်စိမ့်အအေးဓါတ်လေးနဲ့ဆောင်း
အိမ်မက်ကောင်းလေးယူလာပေးပြီ ........။

သူ့အိမ်ရှေ့လေးကိုဖြတ်လျှောက်ခဲ့တယ်
အနွေးထည်လေးနှင်းတွေနဲ့စကားဆို
ခရေပင်အိုတွေ ခုထိပျံ့သင်းနေဆဲ
မမှတ်မိတော့ပဲ နေပါ့မလား
ဆောင်းဆိုတဲ့အသံကြားတိုင်း
သတိရခြင်းတွေကို ဘယ်လိုမှ
အိပ်ခိုင်းထားလို့မရတော့ဘူးလေ ......။

ငယ်ဘ၀ရဲ့ကြယ်တံခွန်

နှစ်တွေဘယ်လောက်ကြာပြီလဲ
ရေခြားမြေခြားကိန္ခီရီချောင်းခြားခဲ့သော ကမ်းပါးတွေ
စာမလာ သတင်းမကြား သတိရခြင်းပန်းပွင့်တွေ
နေ့တိုင်းကြွေလို့
မှတ်ဥာဏ်ထဲမှာဆယ်ကျော်သက်ရဲ့ ရုပ်ပုံလွှာ
" တစ်နေ့နေ့ ငါတို့ပြန်ဆုံမယ်"
အိမ်မက်လား အာရုံမှောက်မှားမှုလား
ကလေးဘ၀ရဲ့အသံလှိုင်းတွေထဆဲ
သူဘယ်မှာလဲ ကိုယ်မသိရ ကိုယ်ဘယ်မှာလဲ သူမသိရ
မီးပြတ်သလို အဆက်အသွယ်ပြတ်သွားတဲ့ ဘ၀များ
အသက်တွေကြီးလာတယ်
ဒဏ်ရာတွေသာများလာတယ်
ကိုယ့်အကြောင်းနဲ့ကိုယ်ခေတ်ရေစီးထဲစုန်ဆန်မျောလို့
စိတ်ချောက်ခြားစရာ အတိတ်တစ္ဆေ
ငယ်ဘ၀အပေါ်ဖြတ်စီးသွားတဲ့ဖြတ်စီးသွားတဲ့
မြစ်ရေတွေဟာ နောက်တစ်ခါ ပြန်မလာကြတော့ဘူး။

Sunday, March 9, 2008

ထင်ရှားသိသာသောအလွမ်း

ခံစားချက်က ရာနှုန်းပြည့်စစ်စစ်မှန်မှန်
ကိုယ်ပိုင်အခန်းငယ်ထဲ
စည်စည်ဝေေ၀တွေးမိတဲ့ သတိရခြင်းတွေနဲ့
ပြည့်နှက်နေတဲ့ အထီးကျန်မှုများ
မငိုပဲကျခဲ့တဲ့မျက်ရည်များကနေရာယူထားကြ
တစ်စုံတစ်ယောက်နဲ့ပတ်သက်သော
ချစ်ခြင်းမေတ္တကိုနှလုံးသားထဲက
ပယ်ထုတ်လို့မရနိုင်တဲ့ကာလပတ်လုံး
တမ်းတခြင်းမှာ ငါ့ခံနိုင်ရည်တွေရှုံးနိမ့်တယ်
ကြုံရအုံးမယ့်နေ၀င်ချိန်တိုင်းမှာ အတိတ်က
ပုံရိပ်တွေကိုအငမ်းမရရှာနေမိတယ်
သောချာပါတယ် ..ေ၀၀ါးနေဆဲ
ဘယ်တော့လောက်လဲ ဘယ်လောက်ကြာမှာလဲ
မရေရာတဲ့အမေးစကားတွေနဲ့
ညတာတွေရှည်ခဲ့တယ်
နင့်ကိုသိမ်းဆည်းထားတဲ့ ငါ့နှလုံးခုန်သံရဲ့တုန်ခါမှု
အမှတ်တရတွေနဲ့ဖြေသိမ့်နေရတဲ့ ဝေးကွာခြင်းမှာ
ထင်ရှားသိသာသော အလွမ်းများကသာ
ငါ့ဆံချည်မျှင်သွေးကြောထဲ
တစ်န့တစ်လျားစိုက်ဝင်သွားခဲ့ပေါ့။

Thursday, March 6, 2008

Tuesday, March 4, 2008

ရင်မှာလွမ်းရင်
မျှော်တိုင်းမြင်လွန်းလို့
လက်ညှိုးညွန်ရာ
သူဖြစ်ပါစေသား ....... အရှင်ဘုရား ။