Tuesday, July 22, 2014

နှင်းနုမနက်ခင်း

တိတ်ဆိတ်နေတဲ့ ဘူတာရုံကလေးမှာ တစ်ယောက်ထဲတွေတွေငေးငေးထိုင်ရင်း
ညှိုးနွမ်းခြောက်သွေ့နေတဲ့ လေထုကိုခက်ခက်ခဲခဲရှုရှိုက်နေရသလိုခံစားမိတယ်။


နာရီသံတွေ တစ်ချောက်ချောက်နဲ့
လူတွေကလဲတစ်ဖြောက်ဖြောက်နဲ့

မှိုးတိုးမှိန်တိန်လင်းနေတဲ့မီးရောင်အောက်မှာ ခပ်ကုပ်ကုပ်လျှောက်ရင်း ချမ်းစိမ့်လာတဲ့လေထုကို
သူမရဲ့ သိုးမွှေးထည်လေးအပါးထည်လေးက လက်မြှောက်အရှုံးပေးလိုက်ပြီ။

လူသံတွေတိတ်ဆိတ်နေတဲ့ ရထားတွဲထဲမှာ သူမလိုလူသားတွေကအတွေးကိုယ်စီနဲ့
ငိုက်တဲ့လူကလဲ ငိုက်
တွေးတဲ့လူကလဲတွေး
ဘာကိုမှအဓိပ္ပါယ်ဖော်လို့မရတဲ့ မျက်ဝန်းအဖြူထည်တွေ
မရေရာတဲ့တောင်စဉ်အတွေးတွေကိုခဏဖြူတ်ချရင်း သူမ ခပ်ငြိမ်ငြိမ်ထိုင်နေမိတယ်။

ပြတင်းပေါက်ကနေ နှင်းနုမကွဲသေးတဲ့မနက်ခင်း
ဒီမြို့ကလေးကို သူမ စွန့်ခွာသွားရတော့မယ်
ဒါကို သူ သိပါလေစ။

ရထားခုတ်မောင်းသံ ခပ်သဲ့သဲ့ထွက်လာတဲ့အချိန် သူမ တစ်ချက်တော့ပြုံးမိသေးတယ်
 ဘာတွေအတွေးလွန်နေသလဲကွယ်
သူမရဲ့ဖြစ်တည်မှုကိုတောင် သူအသိအမှတ်မပြုတော့တဲ့နောက်
သူမဘက်က ဘာတွေများ ထပ်ပြီးဖြည့်စွက်တွေးနိုင်မှာလဲ ။

နှုတ်ခမ်းကိုခပ်မဲ့မဲ့ပြုံးရင် သူပြုံးနေကျ အပြုံးကိုမြင်ယောင်မိသည်
မထီတထီနှင့်လူတကာအမြင်ကပ်လောက်အောင် ပြုံးနိုင်သူ
ထိုအပြုံးကို အိမ်မက်ထဲထိ နှစ်ခြိုက်သူက သူမ

သူငယ်ချင်းတွေကြားမှာ သူရဲ့ copy cat  က သူမ
ဘယ်တော့မဆို ဘာမှတိုင်ပင်စရာမလိုလောက်အောင်ကို စိတ်တူကိုယ်တူဖြစ်လွန်းတဲ့သူမတို့နှစ်ယောက်
အခုတော့ ဘာကိုမှပြောနေစရာမလိုအောင် ပြီးစီးသွားတဲ့တစ်နေ့

အဲဒီနေ့ဟာ ဒီနေ့ပါပဲ
ဘာကိုမှရှင်းပြဖို့မလိုတော့ချိန်
ဝမ်းပန်းတစ်နည်းငိုစရာလဲမလိုတော့ချိန်
နှုတ်ဆက်ခဲ့ပါတယ်လို့ပြောစရာလဲမလိုတော့ချိန် 
အရင်လိုခပ်မဲ့မဲ့အပြုံးတွေကိုကြည့်စရာလဲမလိုတော့ချိန်

အဲဒီအချိန်တွေအားလုံးကို သူမကျောခိုင်းလှည့်ထွက်ခဲ့သည်
ခေါင်းမာ မာနကြီးလွန်းပြီး အမှန်တွေကိုပဲပြောတတ်လွန်းတဲ့ သူမ
အခုလို မှန်တယ်ထင်တယ်လို့ဆုံးဖြတ်ပြီးတဲ့နောက် ငါတို့နှစ်ယောက်လုံး ဘယ်တော့မှနောင်တမရကြေးပေါ့လေ

 ငါသွားတော့မယ်  ညီ
နင်ရှိတဲ့မြို့ကနေ ငါထွက်ခွာသွားတော့မယ်
နှင်းတွေဝေနေတဲ့ ဒီမနက်ခင်းကို ငါမျက်တောင်မခတ်ဘဲငေးကြည့်နေမိတယ် ငါ့ရင်ဘတ်ထဲတစ်သက်လုံးသိမ်းထားနိုင်အောင်လို့
နောက်ဆုံးစကားလေးတစ်ခွန်းတော့ပြောခွင့်ရရင်ပြောချင်ပါတယ်

ညီ ... ငါနင့်ကိုသိပ်ချစ်တယ် ။



No comments: