ကျမ သည် ဘာမှမရှိသောအိုးလေးတစ်လုံးဖြစ်ချင်ပါသည်
အထဲမှာဘာမှထည့်မထားချင်ပါ
ထိုသို့ဖြင့် အများကြီးရှိနေချင်ပါတော့သည်။
ကျမသည် တိုးတိုးကလေးနေချင်ပါသည်
ကျယ်လောင်မှုကိုမနှစ်သက်ပါ
တိုးတိုးကလေးအော်တတ်သူများကိုလဲတွေ့ဖူးပါသည်
ထိုသူတို့ကိုလဲမနှစ်သက်ပါ
အခြားသော သူများကိုနားလည်ရန်ထက်
ကိုယ့်ကိုကိုယ်နားလည်ရန်ခက်ပါသည်
ကျမကိုယ့်ကိုကိုယ်မကြာခဏမေးဖူးပါသည်
မင်း ဘာကောင်လဲ
ကျမက ငြိမ်းချမ်းချင်ပါသည်
ထိုငြိမ်းချမ်းဖို့ကြိုးစားရင် မငြိမ်းချမ်းတော့ပါ
ကျမက တစ်ယောက်ထဲနေတတ်ပါသည်
အထီးကျန်သည်ဟုမခံစားရပါ
ထိုမျှသည်ပင် များပြားလှပါပြီ
စည်းကားလှပါပြီ
လိုချင်သောအခါကောက်ယူရသည်
မလိုချင်သောအခါ ပြန်လွင့်ပစ်ရသည်
အစကတည်းကမယူခဲ့မိလျှင်ကောင်းသား
အခုတော့အားနှစ်ခါကုန်ရသည်
ကိုယ့်ကိုယ်ကို ဒိုင်းနှင့်ကာပြီး
သူတစ်ပါးအားဒါးနဲ့ရွယ်ရဲသူ
ထိုသူတို့နှင့်လမ်းမတူ
မည်သူကိုမဆို မည်သည့်အရာကိုမဆို အပြစ်ရှာလျှင်တွေ့နိုင်ပါသည်
အဲဒီခေတ်ကုန်သွားပြီဟု ကျမနှင့် သူငယ်ချင်းနှစ်ဦးရယ်ပွဲဖွဲ့ဖူးပါသည်
ကျမတို့အပြစ်ကိုမရှာတော့ပါ အဖြေကိုပဲ ရှာပါတော့သည်
No comments:
Post a Comment