Tuesday, June 23, 2009

ဘ၀ဆိုတာ တိုက်ပွဲ လို့ တစ်ချို့က ဆိုကြသည်
ကိုယ်စီကိုယ်စီလက်နက်ရှာကြသည်
ကျမ ကတော့ ဘ၀ဆိုတာဘာမှမဟုတ်ဟု ဆိုလိုချင်ပါသည်
ဘာလက်နက်ကိုမှလဲမရှာချင်ပါ
တစ်ခါတစ်ခါ ကျမသည် ရယ်ကျဲကျဲနေလေရှိပါသည်


အောင်မြင်ကြပါစေ
သို့သော်အောင်မြင်ခြင်းသည် ငြိမ်းချမ်းခြင်းမဟုတ်
စွန့်လွတ်ခြင်းဖြင့်ငြိမ်းချမ်းမည်
အဖော်မပါလဲတစ်ယောက်ထဲ ရပ်တည်မည်
စွန့်လွတ်ခြင်းဖြင့်ငြိမ်းချမ်းမည်

ဘ၀မှာလေပြေကိုချည်းပဲမျှော်လင့်စရာမလိုပါ
မုန်တိုင်းမှာလဲ အောက်ဆီဂျင်ပါသည်

နိုးနိုးကြားကြားတော့မအိပ်ချင်ပါ
အိပ်မယ့်အိပ်ပျော်အောင်သာအိပ်ချင်ပါတော့သည်

ကျမသည်လိုက်လျောတတ်ပါသည်
လိုက်လျောညီထွေရှိအောင်လဲအမြဲကြိုးစားလေ့ရှိပါသည်
အရည်ပျော်လုဆဲဆဲရေခဲတုန်းကဲ့သို့ပင်လိုက်လျောညီထွေပြုရန် အဆင်သင့်ဖြစ်နေပါသည်
သည်းခံဖို့တော့လိုပါသည်
ကျမ နည်းနည်းအေးစက်နေပါလိမ့်မည်


ပညာရှိများသည်သေးဖွဲသောအရာများမှာပင်အခက်အခဲကိုရှာဖွေတွေ့တတ်ပါသည်
ကျမသည်ပညာရှိမဟုတ်ပါ
ထို့ကြောင့်အခက်အခဲတွေကိုအသေးအဖွဲဟုသဘောထားပါသည်
ဒုက္ခတွေ့မှသိမယ် လို့ ချစ်သူက ပြောပါသည်
သို့သော်ကျမ ဒုက္ခ မတွေ့သေးလို့ဘာမှမသိသေးပါ
ချစ်သူကိုကျမ ရီပြလိုက်ပါသည်

ကျမသည်မလှပါ
အကျည်းတန်ပါသည်
ထို့ကြောင့်လဲအလှတရားကိုတန်ဖိုးထားပါသည်
သို့သော်လဲ ကျမသည် အကျည်းတန်သူဖြစ်သောကြောင့်
အလှတရားသည် ကျမနှင့်မျက်နှာချင်းဆိုင်ဝေးကွာနေတတ်ပါသည်

အတ္တရှိသူသည် ကိုယ့်ကိုကိုယ်ချစ်ပါသည်
ကျမသည်ကိုယ့်ကိုကိုယ်မချစ်ပါ
မုန်းပါသည်
သို့သော်လဲကိုယ့်ကိုကိုယ်မုန်းခြင်းသည်လည်း အတ္တဖြစ်ပါသည်
ထို့ကြောင့်ကျမအတ္တကြီးပါသည်

လောကသစ္စာကို ကျမတွေ့ချင်ပါသည်
သူ့နောက်ကိုကျမလိုက်သည်
သို့သော် သူ့မှာ ကျော မရှိချေ
သူ့ကိုကျနော် ရင်ဆိုင်သည်
သို့သော် သူ့မှာ ရင်ဘတ်မရှိချေ
လောကသစ္စာကို ကျမ လိုက်မရှာတော့ပေါ
နေရာမှာပဲ ရပ်နေလိုက်ပါသည်
တကယ်လို့ ကျမကို လာရှာလျှင်လွယ်ကူရန်ဖြစ်ပါသည်။

မှန်သောစကားသည် အသံထွက်ချိုသာခြင်းမရှိပါ
သို့သော်လဲမှန်သည့်အတိုင်းဝန်ခံတာအကောင်းဆုံးပဲဖြစ်ပါသည်
သင့်အထင်မှန်ပါသည်
ကျမ သည်အထာမကျသော ကောင်မလေးတစ်ယောက်ဖြစ်ပါသည်







No comments: