Wednesday, May 21, 2014

သူ (သို့) ကျမ

ထွက်သွားတဲ့ လေယာဉ်ပျံကိုကြည့်ပြီး ကျမ မျက်ရည်ဝဲနေခဲ့သည်။ ငါတို့တွေဝေးနေတာ နှစ်နှစ်ကျော်ပြီ။
မမေ့မလျော့ပို့ဖြစ်နေတဲ့ နင့်အီးမေးလ်တွေကို ငါကမေ့လျော့ပြီး မဖတ်ဖြစ်ခဲ့ဘူး ။ Valentine Day တိုင်းတစ်ယောက်ထဲဖြစ်နေရတာကို ငါမုန်းလာပြီလို့ပြောတော့ ဖုန်းထဲက နင့်ရီသံက ငါ့အထီးကျန်ဝမ်းနည်းမှုကိုပြေလျော့စေခဲ့တယ် ။
ငါတို့နှစ်ပတ်လည်တိုင်း နင်ကအနားမှာမရှိဘူး။
ငါ့မွေးနေ့မှာ နင်မရှိဘူး။ ငါအားငယ် ၀မ်းနည်းငိုကြွေးနေချိန်တိုင်း နင်မရှိဘူး။ နင့်ရဲ့လက်တစ်ဘက်ကိုဆုပ်ကိုင်ထားချင်ပေမယ့် ဘေးနားမှာနင်မရှိဘူး။
နင်ပုခုံးကိုမှီချင်ပေမယ့် ငါ့ကိုယ်ငါပဲပြန်မတ်အောင်ကြိုးစားရင်း နင့်ကိုလွမ်းလို့ငါငိုကြွေးနေချိန် နင်ကငါ့ဘေးမှာမရှိဘူး။
နင်ဘာလုပ်နေလဲငါမသိဘူး။ငါဘာတွေဖြစ်နေခဲ့သလဲ နင်မသိဘူး။
Long distance တဲ့ ။အဲဒီစကားလုံးကြီး ငါတို့နှစ်ယောက်ကြားမှာ မရှိခဲ့ရင်ကောင်းမယ်။
အရင်ကတည်းက နင်ကငါ့ဘေးမှာရှိမနေခဲ့ပါဘူး။
ချစ်သူတဲ့ ... အဲဒီစကားလုံးကို ဘယ်လိုအဓိပ္ပါယ်ဖွင့်သလဲ ငါမသိချင်တော့ဘူး။
အတိတ်ကို ပြန်တွေးရင်း လက်ရှိနာရီသံတွေကို ငါမေ့နေမိတယ်။
ဒီညနင်မရှိဘူး ။
အမြဲတမ်း နင်ကငါ့ဘေးမှာရှိမနေခဲ့တာပါ။
ဘယ်တော့မဆို ငါအိမ်မက်ဆိုးကလန့်နိုးတိုင်း အလိုက်မသိဖုန်းခေါ်တတ်တဲ့ ကောင်မလေးတစ်ယောက်ကို နင်မေ့လိုက်ပါ။
ဘာမဟုတ်တဲ့ ကိစ္စတွေအတွက်နဲ့ ငိုကြွေးတတ်တဲ့ ကောင်မလေးတစ်ယောက်ကိုနင်မေ့လိုက်ပါ။
နင်ပြောသလို ကလေးမကျ လူကြီးမကျဖြစ်နေတဲ့ ကောင်မလေးကို နင်မေ့လိုက်ပါ။
နင်ပြောသမျှကို အဟုတ်ကြီး ယုံတတ်တဲ့ ခပ်နုံနုံ ခပ်အအ ကောင်မလေးကို နင်မေ့လိုက်ပါ။
နင့်ကို ဒီလောက်နှစ်တွေအကြာကြီးစောင့်နေခဲ့တဲ့ ကောင်မလေးကိုနင်မေ့လိုက်ပါ။
နင်နဲ့ရန်ဖြစ်တိုင်း စပြီးတောင်းပန်စကားမပြောတတ်တဲ့ကောင်မလေးကိုနင်မေ့လိုက်ပါ။
ဒရမ်မာကားတွေကြည့်တိုင်း ငိုတတ်တဲ့ကောင်မလေးကို နင်မေ့လိုက်ပါ။
ဟာသကားတွေကြည့်တိုင်း မျက်ရည်ထွက်တဲ့အထိ ရီတတ်တဲ့ကောင်မလေးကိုနင်မေ့လိုက်ပါ။
နင့်ကိုပဲ တစ်ကမ္ဘာထင်တတ်တဲ့ကောင်မလေးကိုနင်မေ့လိုက်ပါ။
ဘာပဲဖြစ်ဖြစ်မေ့လိုက်ပါ။
အားလုံးကိုနင်မေ့လိုက်ပါ။
ငါ့ကိုလဲနင်မေ့လိုက်ပါ။
ငါနဲ့ပတ်သက်သမျှအရာတွေကိုလဲ နင်မေ့လိုက်ပါ။
နင့်ကိုဘယ်လောက်ချစ်ခဲ့သလဲဆိုတာတွေကိုလဲ နင်မေ့လိုက်ပါ။
နင့်ကိုမှမတွေ့ရရင် မျက်ရည်ဝဲနေတတ်တဲ့ကောင်မလေးကိုနင်မေ့လိုက်ပါ။
ဘာပဲဖြစ်ဖြစ်မေ့လိုက်ပါ။
အရာအားလုံးကို နင်မေ့လိုက်ပါ ။

No comments: