Tuesday, June 30, 2015

တစ်ခါတုန်းကမြို့

အပိုင်း(၂)

စကားဆိုတာမပြောချင်ရင် မပြောဖြစ်တာ အကောင်းဆုံးပဲလို့ ကိုယ့်ကိုကိုယ်အားပေးရင်း
တိတ်တဆိတ်နဲ့ တည်းခိုခန်းလေးဆီလျှောက်လာမိတယ်

ရူးနှမ်းနှမ်းနဲ့ထင်ရာလုပ်တတ်တဲ့ကိုယ်
ခပ်ပုပ်ပုပ်မျက်နှာနဲ့ ဘယ်သူ့ကိုမဆို ဒေါသထွက်နေတတ်တဲ့ ကိုယ်
အရင်လိုပြေရာပြေကြောင်းစကားသံတွေနဲ့ချော့ပါအုံးလား
ဘ၀မှာဖြစ်ချင်တာတွေများပြီး  မနိုင်မနင်းအလုပ်တွေနဲ့ကိုယ့်ကို တစ်ခါတစ်ရံ အသံမာမာနဲ့ဆူပါအုံးလား
လူဆိုတာမျိုးက အနားမှမရှိတော့တဲ့ အရာတွေကိုမှ တမ်းတတတ်တဲ့အမျိုးမဟုတ်လား
ကိုယ်လဲလူထဲက လူပါပဲကွယ်

ဒီအရပ်ရယ်
ဒီလမ်းရယ်
ဒီအလွမ်းရယ်

သိပ်မွန်းကျပ်လွန်းလို့အသက်ဘယ်လိုရှုရမလဲဆိုတဲ့နေ့တွေရှိခဲ့ဖူးတယ်
ဒါကြောင့် ဒီမြို့ကလေးကိုထွက်လာခဲ့တယ်
သူမရှိတော့ပေမယ့် သူရှိခဲ့ဖူးတဲ့မြို့ဆီ  အတွေးနဲ့တင်ကျေနပ်ချင်လို့
အရာအားလုံးကိုလွှတ်ချပြီးထွက်လာခဲ့တယ်

သူနဲ့အတူရှိခဲ့ဖူးတဲ့ နေရာတွေ
လျှောက်ခဲ့ဖူးတဲ့ လမ်းတွေ
ထိုင်ခဲ့ဖူးတဲ့ ကော်ဖီဆိုင်တွေ
အရာရာတိုင်းဟာ အမှတ်တရတွေချည်းပါပဲ

ပင့်သက်ရှိုက်လိုက်တိုင်း သူ့ကိုလွမ်းတဲ့အလွမ်းတွေကို
လေပူတစ်ချက်မှုတ်ထုတ်ရင်း ဆုံးဖြတ်ချက်တစ်ခုကို ချမိတယ်

နောက်ဆို ငါဒီမြို့လေးကို ဘယ်တော့မှ ပြန်မလာတော့ဘူး
ခေါင်းထဲမှာရှိခဲ့ဖူးတဲ့ သူနဲ့ပတ်သက်တဲ့အမှတ်တရတွေကိုလဲ
ဒီမြို့လေးနဲ့အတူ ထားခဲ့လိုက်တော့မယ်

လူဆိုတာက တော်ရာမှာနေသင့်တာလေကွယ်
လမ်းခွဲပြတ်စဲခဲ့တာမဟုတ်ဘဲ လမ်းကွဲသွားခဲ့တဲ့ ကိုယ်တို့နှစ်ယောက်အတွက်
ဘာကိုမှနောင်တမရစေချင်ဘူး

ကံမကုန်လို့ ပြန်ဆုံခဲ့ရင်တောင်
မသိချင်ယောင်ဆောင်ပြီးမျက်နှာလွှဲသွားဖို့ပဲ ကိုယ်အလိုရှိတာပါကွယ်

ကျမသိပ်ချစ်ရတဲ့ နေရောင်ခြည်တွေနဲ့ လုလင်ပျို
မော်ဖူးရခြင်းများနဲ့ဝေးပါစေ
ရေလိုအေးလိုပန်းလိုလန်းပါစေ
နေ့သစ်တွေတိုင်းမှာ ကိုယ်ဆုတောင်းပေးနေမယ် ။




တစ်ခါတုန်းက မြို့

မမျှော်လင့်ဘဲနဲ့ ဘူတာရုံလေးကို ပြန်ရောက်လာခဲ့တဲ့ အခါ
ဒီမြို့လေးမှာ သူနေခဲ့တယ်ဆိုတဲ့ အသိက ကျွန်မကို နွေးထွေးစေပါတယ်။

ချမ်းစိမ့်ပြီးအေးနေတဲ့ တောင်ပေါ်မြို့လေးကိုအရင်လိုအနွေးထည်ခပ်ပါးပါးလေးနဲ့ အန်တုရင်း
စိမ်းစိုနေတဲ့ပတ်ဝန်းကျင်တစ်ဝိုက်ကိုအရင်လိုငေးမောကြည့်မိနေတုန်းပါပဲ

ဟုတ်ပါတယ် ဒီမြို့မှာ သူမရှိတော့ပါဘူး

အတွေးနဲ့တင်အရင်လို မျက်ရည်ဝဲတတ်တော့ shit ဆိုတဲ့ စကားလေး ခပ်တိုးတိုးရေရွတ်မိတယ်
ကိုယ်တောင်တကူးတက ရောက်အောင်လာသေးတာပဲ
သူကရော ဘာလို့ရှိမနေခဲ့သလဲ
 အငုံမာနစိတ်ကလေးက ပြန်ပြီးခေါင်းထောင်ထလာပါတယ်

အရင်ကလိုပဲ မြက်ခင်းစိမ်းလမ်းကလေးကိုတစ်ယောက်ထဲလျှောက်ရင်း
လွတ်နေတဲ့ ဘေးတစ်နေရာကိုယောင်ပြီးလှည့်ကြည့်မိပြန်တယ်
အော် ခက်ရချည်သေးရဲ့

တဖြည်းဖြည်းနဲ့ ကျင့်သားရနေတဲ့ခြေထောက်တွေက ကော်ဖီဆိုင်လေးသို့ဦးတည်နေမိပါတော့တယ်။
ကိုယ်အကြိုက်ဆုံး ဆန်တို့ဖူးနွေးရှိတတ်တဲ့ ဆိုင်ကလေး
လက်ဖက်ခြောက်မွှေးမွှေးလေးနဲ့ အမြဲတမ်းပြုံးနေတတ်တဲ့ ဆိုင်ရှင်ကလေး

ဆိုင်ထဲကိုဝင်သွားတဲ့အခါ ပြုံးပြတတ်တဲ့ ဆိုင်ရှင်ကလေးက အရင်လိုတစ်ယောက်ထဲပဲလားဆိုတဲ့ စကားကိုမမေးတော့ပါဘူး
ကိုယ်အရင်လိုတစ်ယောက်ထဲဖြစ်နေခဲ့တာ တော်တော်ကြာနေခဲ့ပြီပဲလေ
အပြုံးအတုနဲ့ ပြန်ဖြေစရာ စကားတွေကိုလဲ အရင်လို ဟန်ဆောင်ပန်ဆောင်နဲ့ မရှာချင်တော့ဘူး

 to be continue ....


Monday, June 22, 2015

ကျမနှင့်စာအုပ်များအကြောင်း(၁)

အသက်ကလေးရလာတော့ အရင်ကလို အားတိုင်း ဂိမ်းဆော့ဖြစ်တဲ့ အချိန်တွေ အစား
စာအုပ်တစ်အုပ်နဲ့ မျက်နှာကပ်နေတဲ့ အချိန်တွေများလာတယ် ။

အသိတစ်ယောက်နဲ့စကားပြောရင်း သူ့စကားထဲကမှတ်သားဖွယ်ရာလေးကို လတိုင်းလုပ်ဖြစ်နေတော့တယ် ။
သူပြောတာက လတိုင်း ကိုယ်ဖတ်ချင်တဲ့စာအုပ်တစ်အုပ်ဝယ်ပြီး ကိုယ့်ကိုကိုယ်လက်ဆောင်ပေးလိုက်ပါတဲ့ ။
ဘယ်လောက်ကောင်းလိုက်တဲ့ စကားလေးလဲနော်။

ပြီးတော့ အင်္ဂလိပ်စကားပြောတွေ အင်္ဂလိပ်ကာတွန်းစာအုပ်တွေ
အင်္ဂလိပ်စာတန်းထိုးထားတဲ့ ကားတွေကိုအများဆုံးကြည့်မယ်လို့ To Do List ထဲမှာရေးထားမိတယ်
ဒါကတော့ လစဉ်လတိုင်းမပျက်မကွက်လုပ်ဖြစ်နေတဲ့ အလုပ်ကလေးပေါ့

ကျမတို့ ဒီကမ္ဘာကြီးမှာက သင်ယူစရာတွေအများကြီးပါပဲ
ဘယ်သူမှပြီးပြည့်စုံနေတာမဟုတ်လို့ ကျမကိုယ်တိုင်ကလဲ ဒီလိုနဲ့ နည်းနည်းချင်းဆီ မသေမချင်းတော့
သင်ယူနေရအုံးမှာပါပဲ ။

လူတစ်ယောက်ကိုစောင့်ဖြစ်နေရင်တောင်မှကျမအချိန်တွေကုန်တာနှမြောလို့
စာအုပ်တစ်အုပ်အမြဲယူသွားတယ်
သူငယ်ချင်းတွေနဲ့ဆုံရင်လည်းကိုယ်ဖတ်ဖူးတဲ့စာအုပ်တစ်အုပ်ရဲ့
ကောင်းခြင်းဆိုးခြင်းတွေကိုမျှဝေဖို့လဲ ကျမမမေ့ခဲ့ဘူး

နောက်ပိုင်း စာအုပ်တွေဖတ်ရင်း အဲ့ဒီအထိကအသိတွေယူရင်းနဲ့ ကျမဘ၀လေးကငြိမ်းချမ်းနေခဲ့တယ်
စာအုပ်တွေကိုလဲ ပိုချစ်လာခဲ့တယ်
အနားမှာဘယ်သူမှမရှိပေမယ့် စာအုပ်တွေကတော့ကျမအတွက်အဖော်မွန်ဖြစ်နေခဲ့ပါတယ်။


Wednesday, June 17, 2015

အသက်တွေကြီးလာတော့
ကျမတို့ ပတ်ဝန်းကျင်မှာ အပေါင်းအသင်းဆိုတာရှားပါးလာပါတယ်
အရင်ကတွဲဖြစ်တဲ့ ငယ်သူငယ်ချင်းတွေကလွဲလို့
အလုပ်ထဲကလုပ်ဖော်ကိုင်ဖက်တွေနဲ့တောင်ရင်းနှီးမှုက မတူပါဘူး။
ကျမတို့ပတ်ဝန်းကျင်မှာ လူတွေက ပုံစံအမျိုးမျိုးနဲ့ရှိနေကြတော့
တစ်ခါတစ်ရံစိတ်အခန့်မသင့်တဲ့အခါ ကျမတစ်ယောက်ထဲ ဒေါသထွက်နေတဲ့အချိန်တွေ
ရှိခဲ့ဖူးပါတယ်။
နောက်ပိုင်း ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ကြည့်တော့ ဘာမဟုတ်တဲ့အကြောင်းအရာလေးတွေမှာ
ကျမကိုယ်တိုင်ပေါက်ကွဲနေတတ်တာ မြင်လာတော့ တော်ရုံကိစ္စတွေဆိုရင် ကျမသိပ်ပြီးစိတ်ထဲ
ထားမနေတော့ဘူး။
နေရတဲ့အချိန်ခဏလေးများ စိတ်ချမ်းချမ်းသာသာလေးနဲ့ကိုယ်တတ်နိုင်တာလေးတွေကိုကြိုးစားလုပ်ကိုင်ရင်း
ညတွေမှာအေးအေးချမ်းချမ်းအိပ်ပျော်ချင်ပါတယ်။
ဘာဆိုဘာအတွက်နဲ့မှမပူလောင်တဲ့ဘ၀လေးကိုရပြီးတဲ့နောက်ပိုင်း ကျမဘယ်သူ့အတွက်နဲ့
ဘယ်သူ့ကြောင့် ဘာအကြောင်းကြောင့်မှ စိတ်ဆိုး စိတ်ကွက် စိတ်မနာနေတော့ပါဘူး။
လူဆိုတာကလဲ သေမျိုးကိုး ဘ၀တာချိုချိုလေးမှာ အေးရာအေးကြောင်းပဲ နေချင်ပါတယ်။
လောဘမရှိဘူးလို့တော့မထင်လိုက်ပါနဲ့ ကျမမှာလဲရှိသင့်တဲ့လောဘနဲ့ဒေါသကလဲ သူ့အနေရာအလိုက်။
ဘာပဲဖြစ်ဖြစ်ပါ လူဆိုတာက ကိုယ်ကိုကိုယ်ရဲ့ ပျော်ရွှင်မှုက ဘယ်သူ့အပေါ်မှာမှမမှီခိုဖို့ပဲလိုပါတယ်။