Tuesday, June 30, 2015

တစ်ခါတုန်းကမြို့

အပိုင်း(၂)

စကားဆိုတာမပြောချင်ရင် မပြောဖြစ်တာ အကောင်းဆုံးပဲလို့ ကိုယ့်ကိုကိုယ်အားပေးရင်း
တိတ်တဆိတ်နဲ့ တည်းခိုခန်းလေးဆီလျှောက်လာမိတယ်

ရူးနှမ်းနှမ်းနဲ့ထင်ရာလုပ်တတ်တဲ့ကိုယ်
ခပ်ပုပ်ပုပ်မျက်နှာနဲ့ ဘယ်သူ့ကိုမဆို ဒေါသထွက်နေတတ်တဲ့ ကိုယ်
အရင်လိုပြေရာပြေကြောင်းစကားသံတွေနဲ့ချော့ပါအုံးလား
ဘ၀မှာဖြစ်ချင်တာတွေများပြီး  မနိုင်မနင်းအလုပ်တွေနဲ့ကိုယ့်ကို တစ်ခါတစ်ရံ အသံမာမာနဲ့ဆူပါအုံးလား
လူဆိုတာမျိုးက အနားမှမရှိတော့တဲ့ အရာတွေကိုမှ တမ်းတတတ်တဲ့အမျိုးမဟုတ်လား
ကိုယ်လဲလူထဲက လူပါပဲကွယ်

ဒီအရပ်ရယ်
ဒီလမ်းရယ်
ဒီအလွမ်းရယ်

သိပ်မွန်းကျပ်လွန်းလို့အသက်ဘယ်လိုရှုရမလဲဆိုတဲ့နေ့တွေရှိခဲ့ဖူးတယ်
ဒါကြောင့် ဒီမြို့ကလေးကိုထွက်လာခဲ့တယ်
သူမရှိတော့ပေမယ့် သူရှိခဲ့ဖူးတဲ့မြို့ဆီ  အတွေးနဲ့တင်ကျေနပ်ချင်လို့
အရာအားလုံးကိုလွှတ်ချပြီးထွက်လာခဲ့တယ်

သူနဲ့အတူရှိခဲ့ဖူးတဲ့ နေရာတွေ
လျှောက်ခဲ့ဖူးတဲ့ လမ်းတွေ
ထိုင်ခဲ့ဖူးတဲ့ ကော်ဖီဆိုင်တွေ
အရာရာတိုင်းဟာ အမှတ်တရတွေချည်းပါပဲ

ပင့်သက်ရှိုက်လိုက်တိုင်း သူ့ကိုလွမ်းတဲ့အလွမ်းတွေကို
လေပူတစ်ချက်မှုတ်ထုတ်ရင်း ဆုံးဖြတ်ချက်တစ်ခုကို ချမိတယ်

နောက်ဆို ငါဒီမြို့လေးကို ဘယ်တော့မှ ပြန်မလာတော့ဘူး
ခေါင်းထဲမှာရှိခဲ့ဖူးတဲ့ သူနဲ့ပတ်သက်တဲ့အမှတ်တရတွေကိုလဲ
ဒီမြို့လေးနဲ့အတူ ထားခဲ့လိုက်တော့မယ်

လူဆိုတာက တော်ရာမှာနေသင့်တာလေကွယ်
လမ်းခွဲပြတ်စဲခဲ့တာမဟုတ်ဘဲ လမ်းကွဲသွားခဲ့တဲ့ ကိုယ်တို့နှစ်ယောက်အတွက်
ဘာကိုမှနောင်တမရစေချင်ဘူး

ကံမကုန်လို့ ပြန်ဆုံခဲ့ရင်တောင်
မသိချင်ယောင်ဆောင်ပြီးမျက်နှာလွှဲသွားဖို့ပဲ ကိုယ်အလိုရှိတာပါကွယ်

ကျမသိပ်ချစ်ရတဲ့ နေရောင်ခြည်တွေနဲ့ လုလင်ပျို
မော်ဖူးရခြင်းများနဲ့ဝေးပါစေ
ရေလိုအေးလိုပန်းလိုလန်းပါစေ
နေ့သစ်တွေတိုင်းမှာ ကိုယ်ဆုတောင်းပေးနေမယ် ။




No comments: